Ko Phayam ( ကော့ဖါ့ယမ်း ကျွန်း )
ထိုင်းနိုင်ငံရဲ့ မော်လဒိုက်လို့ တင်စားခေါ်ဝေါ်ကြတဲ့ သဘာဝအလှမပျက် အရိုင်းဆန်ဆန် လှပနေတဲ့ ကော့ဖါ့ယမ်းကျွန်း အကြောင်းကို ပြောပြချင်ပါတယ်။ ဘန်ကောက်ကနေသွားမယ်ဆိုရင် Sai Tai Mai အဝေးပြေးကားဂိတ်ကနေ ရနောင်းကို သွားရမှာပါ။ လေယာဉ်စီးပြီးလည်း ရနောင်းကို သွားနိုင်ပါတယ်။ ကော့ဖါ့ယမ်းဟာ ရနောင်းကနေ ၃၀ ကီလိုမီတာ အကွာမှာ တည်ရှိပါတယ်။ ရနောင်းကနေ ကော့ဖါ့ယမ်းကို သွားဖို့ လှေဆိပ်ကို ဆိုင်ကယ် တက္ကစီများ၊ ကားများကို ငှားရမ်းရမှာပါ။ လှေဆိပ်ကနေ စက်လှေများနဲ့ ကော့ဖါ့ယမ်းကျွန်းကို သွားရမှာ ဖြစ်ပြီး ၂ နာရီခန့်ကြာမြင့်ပါတယ်။ ခရီးသွား အရမ်းများတဲ့ နွေရာသီများမှာ Speed Boat များကို ငှားရမ်းနိုင်ပါတယ်။ Speed Boat နဲ့သွားရင်တော့ နာရီဝက်ခန့်သာ ကြာမြင့်မှာ ဖြစ်ပြီး ဘတ် ၃၅၀ ခန့် ကျသင့်ပါတယ်။ သာမာန်စက်လှေများက ၉ နာရီခွဲကနေ ၁၄ နာရီအထိ ၀န်ဆောင်မှုပေးပြီး ဘတ် ၁၅၀ ကနေ ၂၀၀ ခန့် ကျသင့်ပါတယ်။ အပြန်ခရီးအတွက် ၈ နာရီခွဲကနေ ၁၄ နာရီအထိ စက်လှေများကို ငှားရမ်းနိုင်ပါတယ်။ ရနောင်းဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ကော့ဖါ့ယမ်းဟာ ထိုင်းနိုင်ငံရဲ့ အလှဆုံး ကျွန်းများထဲမှ တစ်ခု ဖြစ်ပါတယ်။ ကော့ဖါ့ယမ်းဟာ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ကျွန်းများနဲ့ နှိုင်းယှဉ်ရင် လူအလာနည်းတဲ့ အတွက် အလွန် အပန်းဖြေလို့ ကောင်းပါတယ်။ Speed Boat များကိုတော့ အချိန်မရွေး ငှားရမ်းနိုင်ပါတယ်။
ဘန်ကောက်ကနေ ဘတ်စ်ကားစီးပြီးတော့လည် ရနောင်းကို သွားနိုင်ပါတယ်။ Khaosan လမ်းကနေ စီးရမှာဖြစ်ပြီး ဘတ် ၅၄၄ ၀န်းကျင် ကျသင့်ပါတယ်။ ည ၇ နာရီမှာ ဘတ်စ်ကား ထွက်ခွာပါတယ်။ ဒီထက်သက်သာတဲ့ ဘတ်စ်ကားများလည်း Southern Bus Station မှာ ရှိပါတယ်။ ဒွန်မောင်းလေဆိပ်ကနေ ရနောင်းကို လေယာဉ်ဖြင့် သွားနိုင်ပြီး အပြန်ခရီးအတွက် Nok Air လေကြောင်းလိုင်းကို စီးနင်းနိုင်ပါတယ်။
လည်ပတ်စရာများ
ကော့ဖါ့ယမ်းမှာ ကားမရှိပါဘူး။ မော်တော်ဘုတ်များနဲ့ Scooters များကို လှေဆိပ်နားမှာ ရှိတဲ့ Phayam Cottage Internet Shop မှာ ငှားရမ်းနိုင်ပါတယ်။ တစ်ရက်လျှင် ဘတ် ၁၅၀ ကနေ ၂၀၀ ခန့် ကျသင့်ပါတယ်။ ဓါတ်ဆီကတော့ တစ်လီတာလျှင် ဘတ် ၄၀ ကနေ ၅၀ ကျသင့်ပါတယ်။
ကော့ဖါ့ယမ်းမှာ လှပတဲ့ကမ်းခြေများစွာ ရှိပါတယ်။ အဲဒီအထဲက အကြီးဆုံးမှာ Ao Yai ဖြစ်ပါတယ်။ လှေဆိပ်မှာ စားသောက်ဆိုင်များ၊ အင်တာနက်ဆိုင်၊ ဈေးဆိုင်များနဲ့ စည်ကားလှပါတယ်။ Aow Yai ( Big Bay ) ကတော့ အရှည်ဆုံးနဲ့ လူအစည်ဆုံး ကမ်းခြေဖြစ်ပြီး ဘားဆိုင်များ ရှိပါတယ်။ လှိုင်းစီးဖို့ အကောင်းဆုံးနေရာပါပဲ။ Aow Kao Kwai ( Buffalo Bay ) ကတော့ လူသူ တိတ်ဆိတ်ပါတယ်။ အပန်းဖြေချင်သူများအတွက် သင့်တော်ပါတယ်။ ရေလှိုင်း ပုတ်ခတ်မှု သိပ်မရှိတဲ့အတွက် ရေကူးချင်သူများအတွက်လည်း သင့်တော်ပါတယ်။
ဈေးဝယ်စရာ
ကော့ဖါ့ယမ်းမှာ ATM စက် မရှိပါဘူး။ တည်းခိုခန်းအချို့ကတော့ ငွေလဲပေးကြပါတယ်။ ဒါပေမယ့် ကော့ဖါ့ယမ်းကို သွားရင် ပိုက်ဆံ လုံလုံလောက်လောက် ယူသွားသင့်ပါတယ်။ ဒေသထွက် သီဟိုဠ်စေ့များကို မြည်းစမ်းနိုင်ပါတယ်။ ဈေးဆိုင်ကြီးတွေတော့ မရှိပါဘူး။ လမ်းမကြီးများနဲ့ လှေဆိပ်နားမှာ ဈေးဆိုင်ငယ်လေးများရှိပါတယ်။
စားသောက်ဆိုင်များ
လတ်လတ်ဆတ်ဆတ် ရောင်းချပေးတဲ့ ပင်လယ်စာ စားသောက်ဆိုင်များစွာ ကော့ဖါ့ယမ်းမှာ ရှိပါတယ်။ ကျွန်းမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသားများဖွင့်ထားတဲ့ အနောက်တိုင်း စားသောက်ဆိုင်များလည်း ရှိပါတယ်။
ကျွန်းအနှံ့မှာ ဈေးသက်သာတဲ့ အသီးအရွက် အစားအစာများကို ၀ယ်ယူနိုင်ပါတယ်။
· Paceluce ကတော့ Ao Kao Kwai မြောက်ဘက်မှာ တည်ရှိတဲ့ အီတလီ စားသောက်ဆိုင်ပါ။ ခေါက်ဆွဲ ၊ ဆလတ်၊ အသားညှပ်ပေါင်မုန့်၊ ကော်ဖီ၊ ဖျော်ရည်များကို လတ်လတ်ဆတ်ဆတ် ရောင်းချပေးပါတယ်။
· Home Me မှာ အရသာရှိတဲ့ အိမ်လုပ် ကိတ်မုန့်များ၊ ပေါင်မုန့်များကို ရောင်းချပေးပါတယ်။ ပိုင်ရှင် Pi Fen ဟာ မုန့်ဖုတ်သက် အနှစ် ၂၀ ရှိပါတယ်။ ထိုင်းနဲ့ အနောက်တိုင်း အစားအစာများကို စားသုံးနိုင်ပါတယ်။
· Cha-Chai Home ကတော့ Ao Yai ကို သွားတဲ့ ပင်မလမ်းနားမှာ တည်ရှိပါတယ်။ လက်ဖက်ရည်၊ ကော်ဖီနဲ့ ဖျော်ရည်များကို ရောင်းချပေးပါတယ်။ မီနူးထဲမှ ရရှိနိုင်တဲ့ အစားအစာများကတော့ အရမ်းများပြားပါတယ်။ အသား မရရှိဘဲ အသားတုကိုတော့ မှာယူနိုင်ပါတယ်။ အသားတုထည့်ထားတဲ့ ဘာဂါများ၊ အသားညှပ်ပေါင်မုန့်များကို ရောင်းချပေးပါတယ်။ အိမ်လုပ် ပေါင်မုန့်များ၊ ကိတ်များ၊ ပဲနို့များ၊ ဒိန်ချဉ်များ၊ ပီဇာများကိုလည်း ရောင်းချပေးပါတယ်။ ဘာသာစကားများစွာဖြင့် ရေးသားထားတဲ့ စာအုပ်များကို ငှားရမ်းနိုင်တဲ့ စာကြည့်တိုက်လည်း ရှိပါတယ်။ စာအုပ်များကို ငှားသလို ရောင်းချပေးပါသေးတယ်။ လက်ဆောင်ပစ္စည်း ရောင်းချပေးတဲ့ ဈေးဆိုင်လည်း ရှိပါတယ်။ အခမဲ့ ၀ိုင်ဖိုင် ပံ့ပိုးပေးထားပြီး လက်တော့များ ငှားပေးပါတယ်။ ရေဒီယို တာဝါတိုင်များနဲ့ နီးတဲ့အတွက် လိုင်းအရမ်းကောင်းပါတနယ်။ စက်ဘီးများ၊ မော်တော်ဘုတ်များကိုလည်း ငှားပေးပါတယ်။
· Kruq Khun Kao ကတော့ ကော့ဖါ့ယမ်းရဲ့ အကောင်းဆုံး စားသောက်ဆိုင်လို့ ပြောလို့ရပါတယ်။ စားဖိုမှူး Mr. Kao ဟာ ထိုင်းအစားအစာများကို ချက်ပြုတ်ရာမှာ အလွန် ကျွမ်းကျင်ပါတယ်။ သူ့ရဲ့ အကောင်းဆုံး လက်ရာက အီစန် အစားအစာများ ဖြစ်ပါတယ်။ သူက ဘတ် ၈၅၀ နဲ့ ဟင်းချက်နည်း သင်ပေးပါသေးတယ်။။ သင့်အကြိုက် အစားအစာ ၂ မျိုးကို သင်ယူနိုင်ပါတယ်။
· Blue Sky ကတော့ လှေဆိပ်နားမှာ တည်ရှိပြီး အရသာရှိပါတယ်။
· Phayam Lodge ကတော့ Ao Yai Beach မှာ တည်ရှိပါတယ်။
· Phayam Cabana ဟာ Buffalo Bay ရဲ့ အစွန်မှာ တည်ရှိပါတယ်။ ထိုင်းအစားအစာများကို မြည်းစမ်းသင့်တဲ့ စားသောက်ဆိုင်ပါ။ ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ အတွက် ရှုခင်းလှပပါတယ်။ နေရာထိုင်ခင်း ကျယ်ဝန်းပါတယ်။ စားဖိုမှူး ဂျင်မီရဲ့ လက်ရာဟာ ကော့ဖါ့ယမ်းရဲ့ အကောင်းဆုံး စာရင်းမှာ ပါဝင်ပါတယ်။ အထူးသဖြင့် Tom Yum Kung နဲ့ Chicken Masaman ဟင်းလျာတို့ဟာ အကောင်းဆုံးပါ။
· Heaven Beach ကတော့ Buffalo Bay အလယ်မှာ တည်ရှိပြီး ကော့တေးနဲ့ အနောက်တိုင်း၊ ထိုင်း အစားအစာများ ကောင်းမွန်ပါတယ်။ နေ၀င်ဆည်းဆာ အချိန်ကို ကြည့်ရှုချင်သူများ သွားသင့်ပါတယ်။ ကလေးများ ကစားဖို့ အရုပ်များလည်း ထားရှိပေး ပါတယ် ။
PP Land ကတော့ ရွာထဲရှိ ဘုရားကျောင်းကို ကျော်သွားတဲ့ လမ်းမှာ တည်ရှိပါတယ်။ ထိုင်းနဲ့ အနောက်တိုင်း အစားအစာ ၂ မျိုးစလုံးကို ရောင်းချပေးပါတယ်။ အိမ်လုပ် ပေါင်မုန့်နဲ့ လတ်ဆတ်တဲ့ ကော်ဖီတို့ကို စားသုံးနိုင်ပါတယ်။
· Ao Yai Seafood က Ao Yai ( Long Beach ) သွားတဲ့ လမ်းပေါ်မှာ တည်ရှိပြီး ပင်လယ်စာများ ကောင်းမွန်ပါတယ်။ ကော့ဖါ့ယမ်းမှ ငါးဖမ်းသမားများထံမှ လတ်လတ်ဆတ်ဆတ် ၀ယ်ယူချက်ပြုတ်ပေးတာ ဖြစ်ပါတယ်။ Yellow Curried Crab နဲ့ Tamarind Prawns ဟင်းလျာများကတော့ အကောင်းဆုံးဖြစ်ပါတယ်။
· Chomjan Bungalows မှာ အရသာ ရှိတဲ့ ထိုင်းအစားအစာများ ရောင်းချပေးပါတယ်။ သက်တောင့်သက်သာရှိပြီး သန့်ရှင်းပါတယ်။ တောင်ကုန်းပေါ်မှာ တည်ရှိပြီး ပင်လယ်ရှုခင်းအလှကို တစ်ဝကြီး ခံစားရမှာ ဖြစ်ပါတယ်။
ယမကာများ
ကော့ဖါ့ယမ်းမှာ ဘားနဲ့ စားသောက်ဆိုင်များစွာ ရှိပါတယ်။ ကော့ဖါ့ယမ်းရဲ့ နာမည်ကျော် ယမကာမှာ ကော့ဖါ့ယမ်း အုန်းရည် ပါဝင်တဲ့ Thai Sang Som Rum ဖြစ်ပါတယ်။ ရေသန့်ဘူးများမှာ ရေဖြည့်ပြီး တစ်လီတာကို ၅ ဘတ်နဲ့ ရောင်းချပေးတဲ့ နေရာများလည်း ရှိတဲ့အတွက် ရေသန့်ဘူး အသစ်ဝယ်ဖို့ မလိုပါဘူး။ ညသန်းခေါင်အထိ ရောင်းချပေးတဲ့ ဘားများလည်း ရှိပါတယ်။
The Traveller
#ဘန်ကောက်လမ်းညွန် #ကိုစိုင်း
0827952761,0814291178
Viber +66827952761

0 comments:
Post a Comment